By the request of a friend I summit this post
တပ်မတော် ပင်စင်စားတစ်ဦးမှ ဒီဗီဘီ၊ ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတကြီး ဦးသိန်းစိန် ထံသို့
နှစ်သစ်ကူး နုတ်ဆက်လွာ
မင်္ဂလာ အတာနှစ်ကူးပါ ဒီဗီဘီ ခင်ဗျား
ကျွန်တော်ကတော့ သာမန် တပ်မတော် ပင်စင်စား တစ်ဦးဖြစ်ပါတယ်။
ဤစာကို ရေးရခြင်းအကြောင်းရင်းကတော့ ယနေ့မြန်မာနိုင်ငံရဲ့ အပြောင်းအလဲနဲ့ ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အထူးသဖြင့် အာရပ်နိုင်ငံများ အတွင်း လောင်ကျွမ်းနေတဲ့ ပြည်သူနဲ့အစိုးရ ပဋိပက္ခများကို နေ့စဉ်မြင်တွေ့ပြီး မြန်မာနိုင်ငံအတွက်လည်း စိုးရိမ်စိတ်ပွါးမိလို့ပါ၊ အကြံပြုချင်တာတွေလည်း ရှိလို့ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ DVB ကို နေ့စဉ်မဟုတ်သော်လည်း မကြာခဏထိတွေ့နေသူတစ်ဦးဖြစ်ပြီး၊ကျွန်တော်တို့ လက်လှမ်းမမီတဲ့ သတင်းများ၊ ပြည်သူတို့ရဲ့ ဘ၀များ၊နယ်စပ်သတင်းများ၊အထူးသဖြင့် သောင်းကျန်းသူတပ်ဖွဲ့သတင်းများကို စုံလင်စွာ သိရှိရတဲ့အတွက် DVB ကို အထူးကျေးဇူးတင် လျက်ရှိပါတယ်။ဒါပေမယ့် ကျွန်တော့်အမြင်အရ ပြောချင်တာက DVB အပါအ၀င် ပြည်ပ Media တော်တော်များများဟာ အနောက်နိုင်ငံများရဲ့ အတွေး အခေါ်များ လွှမ်းမိုးနေတယ်လို့ ထင်ပါတယ်။အားနဲတဲ့ အဖိနှိပ်ခံ လူ့အဖွဲ့အစည်းများဘက်က ရပ်တည်ရင်းနဲ့ DVB ဟာလည်း ပြည်ပရောက် Dissidents များနဲ့ လူမျိုးစုသူပုန်များရဲ့ Voice ဖြစ်လာတာကို တွေ့မြင်နေရပါတယ်။ တစ်နည်းအားဖြင့် အဲဒီအဖွဲ့အစည်းများဘက် biased ဖြစ်နေပါတယ်။အဲဒီ အဖွဲ့အစည်းတွေက ပေးပို့လို့ ရရှိတဲ့သတင်းတွေဟာ သူတို့အဖွဲ့တွေ ရပ်တည်နိုင်ရေးအတွက် တပ်မတော်အစိုးရကို အမြဲတန်း လူဆိုးကြီးပုံသဏ္ဍာန် ဖေါ်ပြီး ထိုးနှက်ကြတာ သတိပြုမိပါတယ်။ကျွန်တော့်ရဲ့ အရပ်သားဘ၀ဟာ တပ်မတော်သားဘ၀ထက် နှစ်ဆကျော်ပိုမိုတဲ့အတွက် နှစ်ဘက်စလုံးကို စာနာမိပါတယ်။ကျွန်တော့်အမြင် ပြောရရင် တပ်မတော်နဲ့ ပြည်သူဆိုတာ ရင်ချင်းဆက်အမွှာနဲ့တူပါတယ်၊ရင်ချင်းဆက်တာမှ အရေပြားလေးသာမဟုတ် ဘဲ နှလုံး အသဲ ကလီစာများပါဆက်နေကြလို့ ခွဲထုတ်လို့ မရနိုင်ပါဘူး။ခွဲထုတ်ခဲ့လျှင်လည်း နှစ်ဦးစလုံး သေဆုံးကြ မှာ ဖြစ်ပါတယ်။
ဒီတော့ လိုရင်းတိုရှင်း အကြံပြုရမယ်ဆိုရင် DVB ဟာ မြန်မာနိုင်ငံသားများ လူတန်းစားပေါင်းစုံအပေါ် သတင်းစုံအောင် ဖေါ်ပြပေးနေတဲ့ အဖွဲ့ အစည်းကြီးဖြစ်သလို အင်မတန် ထိရောက်တဲ့ Media တစ်ခုဖြစ်တဲ့အတွက် တစ်ဘက်အမြင်တစ်ခုတည်း တင်ပြမည့်အစား နှစ်ဘက်စလုံးရဲ့အမြင်နဲ့ အခက်အခဲ အချက်အလက်များကိုပါ ရှာဖွေဖေါ်ထုတ်တင်ပြပေးစေလိုပါတယ်။တကယ်တော့ နှစ်ဘက်စလုံးမှာ အားနည်းချက်တွေ အပြစ်အနာအဆာ တွေ ကိုယ်စီရှိတတ်ကြပါတယ်။နှစ်ဘက်စလုံးမှာ အမှားတွေအများကြီးရှိခဲ့ကြတယ်ဆိုတာလည်း ကျွန်တော်အပါအ၀င် အများပြည်သူတွေအားလုံး တွေ့ထိခံစားခဲ့ကြရပါတယ်။အာဏာရှင်နဲ့ စီးပွါးရှင်တို့ပူးပေါင်းပြီး မတရားစီးပွါးရှာခဲ့ကြတဲ့ ဖြစ်ရပ်တွေ ရှိခဲ့သလို၊သောင်းကျန်းသူ သူပုန်များဘက်ကလည်း မိမိတို့နယ်မြေအတွင်း ကိုယ်ပိုင်တပ်ကြီးတွေ ဖွဲ့ပြီးထင်သလို ကိုယ်ကျိုးစီးပွါးရှာနေခဲ့ကြတယ်ဆိုတာ အများသိပြီးဖြစ်ပါတယ်၊ပါးစပ်ကတော့ ခွဲထွက်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ပြောနေပေမယ့် လက်တွေ့လုပ်ရပ်တွေကတော့ အဲဒီလမ်းကြောင်းဘက် ဦးတည်နေတာကို တွေ့နေရပါတယ်။ဘယ်နိုင်ငံမှာမှ တပ်မတော် ၂ ခုရှိလို့မရပါဘူး၊မိမိလူမျိုး နယ်မြေကာကွယ်ရေး အကြောင်းပြပြီး ကိုယ်ပိုင်တပ်တွေ ဖွဲ့ချင်သလိုဖွဲ့နေကြရင်တော့ အနှေးနဲ့ အမြန် ပြည်တွင်းစစ်ကြီး ဖြစ်လာနိုင်ပါတယ်။
ပြည်ပရောက် Dissidents နဲ့ အချို့Media အဖွဲ့အစည်းများကလည်း ပြည်းတွင်းက ကျောင်းသား၊ သံဃာအဖွဲ့အစည်း နဲ့ နိုင်ငံရေးအဖွဲ့ အစည်းများကို Issue လေးတစ်ခုပေါ်လာတိုင်း ဆန္ဒပြတော်လှန်ကြဖို့ တွန်းအားပေးနေကြတာကို သတိပြုမိပါတယ်။ ပြည်ပကနေပြီးပြောရတာ လွယ်ပါတယ်။ တကယ် လက်တွေ့သေကြ ကြေကြရတာက ပြည်တွင်းက အပြစ်မဲ့ ပြည်သူများသာဖြစ်ကြပါတယ်။ ဒါဟာ ဘယ်လောက်အန္တရယ်ရှိပြီး သေကြေပေးဆပ်ကြရမယ်ဆိုတာ အဆိုးဆုံး( worst scenario )ကို တွေးကြည့်ကြပါ၊ အဲဒီဖြစ်ရပ်မျိုး မရောက်အောင် ကာကွယ်တားဆီးကြဖို့ အဖွဲ့အစည်းအားလုံးမှာ တာဝန်ရှိကြပါတယ်။အစိုးရ၊ပြည်သူ၊သောင်းကျန်းသူ၊နိုင်ငံရေးပါတီများနဲ့ media အားလုံးမှာ တာဝန်ရှိပါတယ်။
ဒါကြောင့် အဖွဲ့အစည်းတွေအားလုံးဟာ အစွဲတွေခွါပြီး ချစ်ကြည်ရင်းနှီးစွာနဲ့ အဖြေရှာကြမယ်ဆိုရင် ဒီအန္တရယ်အပေါင်းကို ကျော်လွှားနိုင်မယ် လို့ ကျွန်တော်ထင်ပါတယ်။ကျွန်တော်တို့ မြန်မာနိုင်ငံကဲ့သို့ လူမျိုးစုတွေ အများကြီးနဲ့ ဖွဲ့စည်းထားတဲ့ တရုပ်၊ရုရှား၊အမေရိကန် စသည့် နိုင်ငံတွေ အများကြီးပါ၊အဲဒီနိုင်ငံတွေမှာ ဘယ်လိုကိုင်တွယ်ပြီး ဖြေရှင်းရပ်တည်ကြတယ်ဆိုတာ အသေးစိတ်သိအောင် ကျွန်တော်တို့နိုင်ငံမှ အဖွဲ့အစည်း ကိုယ်စားလှယ်တွေ စာတွေ့၊ ကိုယ်တွေ့သွားရောက်လေ့လာကြရင် ကောင်းမွန်တဲ့ အကျိုးရလာဒ်တွေ ရရှိလာမယ်လို့ သုံးသပ်မိပါတယ်။
DVB မှာလည်း အဲဒီလို ရလာဒ်ကောင်းတွေ ထွက်ပေါ်လာအောင် media အင်အားနဲ့ ကူညီပေးစေလိုပါကြောင်း မေတ္တာရပ်ခံ အကြံပြုအပ်ပါတယ်။
ပင်စင်စားတစ်ဦး
မင်္ဂလာ အတာနှစ်ကူးပါ ဒေါ်အောင်ဆန်းစုကြည် ခင်ဗျား
နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းမေတ္တာပို့သလျက် စာရေးလိုက်ပါတယ်။

ဤစာကို ရေးရခြင်းအကြောင်းရင်းကတော့ ယနေ့မြန်မာနိုင်ငံရဲ့ အပြောင်းအလဲနဲ့ ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အထူးသဖြင့် အာရပ်နိုင်ငံများ အတွင်း လောင်ကျွမ်းနေတဲ့ ပြည်သူနဲ့အစိုးရ ပဋိပက္ခများကို နေ့စဉ်မြင်တွေ့ပြီး မြန်မာနိုင်ငံအတွက်လည်း စိုးရိမ်စိတ်ပွါးမိလို့ပါ၊ အကြံပြုချင်တာတွေလည်း ရှိလို့ဖြစ်ပါတယ်။သိပြီးသားတွေ ဖြစ်ပေမယ့် သည်းခံ ဖတ်ရှုပေးစေလိုပါတယ်။
အားလုံးသိကြတဲ့ အတိုင်း ဒီနေ့ Tunisia ကအစ အာရပ်နိုင်ငံ တော်တော်များများမှာ ဖြစ်ပွါးခဲ့ကြတဲ့ လူထုအုံကြွမှုကြီးတွေ ဖြစ်ပေါ်စေတဲ့ အကြောင်းတွေထဲမှာ ယနေ့ သိပ္ပံနည်းပညာခေတ်ရဲ့ Mobile Phone and Internet communication Technology (Pfingo,Gmail, facebook စသည်) တွေရဲ့ ကဏ္ဍဟာ အဓိကအနေနဲ့ ပါဝင်လာပါတယ်၊ ယနေ့သိပ္ပံနဲ့ IT နည်းပညာတွေကို သာမန်လူသားတစ်ဦးချင်း သတင်းအချက်အလက်တွေ ကို လျင်မြန်စွာ ဆက်သွယ်အသုံးပြုလာနိုင်တဲ့ အခွင့်အလမ်းတွေ ရရှိလာလို့ဖြစ်ပါတယ်။ဒီတော့ လူသားတွေမှာ အင်မတန် တိုးတက်ကောင်းမွန်တဲ့ နည်းပညာတွေရထားသော်လည်း၊နိုင်ငံတချို့မှာ ပြည်သူလူထုတစ်ရပ်လုံး မခံမရပ်နိုင်ဘဲ အုံကြွစေပြီး အာဏာရှင်တွေကို တွန်းလှန်ကြရာမှာ၊ ပြည်သူလူထုမှာ ပါးစပ်နဲ့ ရင်ဘတ်သာရှိပြီး၊လက်မရွံ့တဲ့ အာဏာရှင်နဲ့တွေ့တဲ့အခါ အပြစ်မဲ့ပြည်သူတွေဟာ ထောင်နဲ့ချီပြီး အသက်ပေးဆပ် နေကြရပါတယ်။မှတ်မှတ်ရရပြောရရင် အီဂျစ်နဲ့ Tunisia နိုင်ငံတို့မှာ အာဏာရှင်စစ်တပ်က ပြည်သူတွေဘက်ကို ပြောင်းသွားလို့ သွေးထွက်နဲခဲ့ကြောင်း မှတ်သားမိပါတယ်၊ပြဿနာရှိတဲ့ နိုင်ငံတွေမှာ နေ့စဉ် သတ်ဖြတ် သေကြေနေကြပုံတွေကို TV, Internet Web site တွေမှာ အမြဲလိုလိုတွေ့မြင်နေကြရ ပါတယ်။အဲဒီပုံစံမျိုး ဖြစ်လာအောင် ကျွန်တော်တို့မြန်မာနိုင်ငံ အပေါ်မှာလည်း ပြည်ပ Media အချို့က လမ်းပြပြီးတွန်းအားပေးနေကြောင်း သတိပြုမိ ပါတယ်။ဒီမိုကရေစီ ရှေ့တန်းတင်ပြီး လက်တွေ့မှာ အများပြည်သူ ရဟန်းရှင်လူ ကျောင်းသူကျောင်းသားတွေရဲ့ အသက်များကို စတေးခိုင်းနေကြတာကို လေ့လာတွေ့ရှိမိပါတယ်။
ကျွန်တော့်အနေနဲ့ ပြောချင်တာက ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အာရပ်နိုင်ငံတွေထက် စောပြီး အထက်ပါလမ်းကြောင်းမျိုးတွေကို တွေ့ကြုံခဲ့ ကြ၊ဖြတ်သန်းခဲ့ကြပြီးဖြစ်တယ်၊အပြစ်မဲ့ ပြည်သူတွေ သေကြေခဲ့ကြပြီး သောင်းကျန်းသူ သူပုန်တွေတိုးပွါးလာတာပဲရှိတယ်၊အစိုးရအပြောင်းအလဲ မဖြစ်ခဲ့ ပါဘူး။တပ်မတော် အစိုးရနဲ့ တပ်မတော် ထောက်ခံတဲ့အစိုးရပဲ တက်လာတာပါဘဲ။တပ်မတော်အနေနဲ့လည်း အစဉ်အလာအားဖြင့် ပြည်တွင်း သောင်းကျန်းမှုတွေကို နှစ်ပေါင်း၆၀ ကျော်နှိမ်နင်းပေးခဲ့ပြီး၊ပြည်ပအကူအညီနဲ့ ကျူးကျော်သူတွေ(၁၉၅၀ ပြည့်နှစ်တရုပ်ဖြူကျူးကျော်မှုများ၊ ၁၉၇၁ ခုနှစ် ကွမ်းလုံရက် ၄၀ ဟိုက်ကမ်းပါးတိုက်ပွဲများ စသည်တို့) ကိုတွန်းလှန်အောင်ပွဲခံခဲ့တဲ့ တပ်မတော်ဖြစ်လို့ သူယုံကြည်စိတ်ချရတဲ့အစိုးရ၊ တပ်မတော်ကို မဖြိုခွဲတဲ့အစိုးရမျိုးကို သာလိုလားကျားကန်ပေးမယ်ဆိုတာ အားလုံးသိကြပါတယ်။
ဒီနေ့ ကျွန်တော် သုံးသပ်မိတာကတော့ ခေတ်အဆက်ဆက် အစိုးရ၊နိုင်ငံရေးပါတီများနဲ့ တောတွင်းလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ တစ်ဦးအပေါ်တစ်ဦး အပြစ်ပုံချပြီး မိမိကိုယ်မိမိတော့ အပြစ်ကင်းစင်သူလို့သတ်မှတ်ပြီး၊တစ်ခြားအဖွဲ့အစည်းတွေကိုပဲ ပြုပြင်ပြောင်းလဲဖို့ တောင်းဆို နေကြတယ်၊စင်စစ် အားလုံးမှာ ချို့ယွင်းချက်ရှိပြီး လမ်းမှန်ပေါ်မရောက်ခဲ့ကြလို့သာ ၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီးနောက် နှစ်ပေါင်း ၆၀ ကျော်ထိ Blame game က မတက်တာပါ။အားလုံးဟာ မိမိဘက် မိမိ ယက်တဲ့ အကျင့်၊မျက်မှန်စိမ်းတတ်ပြီး ကြည့်တဲ့အကျင့်တွေ မကုန်သရွေ့ တိုင်းရင်းသား/ အမျိုးသား စည်းလုံးညီညွတ်ရေး မရနိုင်ပါဘူး။ဒါကြောင့် အားလုံးဟာ စိတ်သစ် လူသစ် အမြင်သစ်တွေနဲ့ အမှန်တကယ် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး တစ်ဦးနဲ့တစ်ဦး လက်တွဲလုပ်ဆောင်နိုင်ရေးကို စိတ်ရော ကိုယ်ပါနှစ်ပြီးလုပ်ကြမှသာ လမ်းမှန်ပေါ်ရောက်မယ်ထင်ပါတယ်။
ဒါတွေအားလုံးကို ဒေါ်အောင်ဆန်းစုကြည်ထံ မဏ္တိုင်ထားပြီး ပြောရသလဲဆိုရင်၊ဒီနေ့မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ကို မှီတဲ့ ယှဉ်နိုင်တဲ့ နိုင်ငံရေး သမား၊ မဲပုံးပြိုင်ထောင်နိုင်တဲ့ ပုဂ္ဂိုလ် မရှိပါဘူး၊Because you are unique. လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သွေး၊စိတ်ဓါတ်နဲ့ အရည်အချင်းတွေ ထင်ဟပ်နေတာ ပြည်သူတစ်ရပ်လုံးက ရိပ်စားမိနေလို့ ဖြစ်ပါတယ်။တကမ္ဘာလုံးကလည်း သဘောပေါက်ကြလို့ ဘွဲ့ထူးဂုဏ်ထူး တွေ မရေတွက်နိုင်အောင် ပေးအပ်နေကြတာပါ။But you alone cannot change the present situation. It’s so big and complex.ဒီနိုင်ငံမှာ တပ်မတော်ရဲ့ အင်အားနဲ့ ပူးပေါင်းမှုမပါဘဲ ဘယ်ပြောင်းလဲမှုကိုမှ လုပ်လို့မရနိုင်ဘူးဆိုတာ အားလုံးသိကြပါတယ်။၊ဒါကြောင့် တပ်မတော်က တင်ပေး ထားတဲ့ ယနေ့ အစိုးရနဲ့ ရေရှည်အကျိုးမျှော်ကိုးပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ နည်းလမ်းကလွဲလို့ တခြားနည်းလမ်းမမြင်ပါဘူး။ဒီလို ပူးပေါင်းမှုဟာ အလျော့ပေးရတယ်၊အရှုံးခံရတယ်လို့ မယူဆစေချင်ပါဘူး၊တိုင်းပြည်နဲ့ ပြည်သူလူထုတစ်ရပ်လုံး ကောင်းကျိုးအတွက် မချစ်သော်လည်း အောင့်ကာနမ်း၊ မနမ်းသော်လည်း ပင့်သက်ရှူ ဆိုသကဲ့သို့ တစ်ဦးအပေါ်တစ်ဦး အလျှော့ပေးပြီး လက်တွဲကြဖို့ နည်းလမ်းရှာပါလို့ တိုက်တွန်း ပန်ကြားလိုပါတယ်။
ကျွန်တော်တို့ တိုင်းသူပြည်သား အများစုကတော့ ဒေါ်အောင်ဆန်းစုကြည်တို့ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေနဲ့ တပ်မတော်ထောက်ခံတဲ့ အစိုးရတို့ကြားမှာ လင်မယားကွဲနေတဲ့မိသားစုကြားက ကလေးသူငယ်တွေလို အဖေနဲ့အမေ ပြန်ပေါင်းထုတ်စေချင်ပါတယ်၊တစ်ဦးနဲ့တစ်ဦး အပြစ်မမြင် ဘဲ အေးချမ်းသာယာတဲ့ မိသားစုကြီးတည်ဆောက်ပေးပါလို့ ဆိုပါရစေ။ မဖြစ်နိုင်စရာလည်း မရှိပါဘူး၊ဘာကြောင့်လည်းဆိုတော့ မိဘနှစ်ဦးစလုံးဟာ အဓိကပန်းတိုင်ဖြစ်တဲ့ အေးချမ်းသာယာပြီးစည်းလုံးတဲ့ အိမ်ထောင်စုကြီး တည်ဆောက်လိုတဲ့ ရည်ရွယ်ချက် တစ်ထပ်တည်းဖြစ်လို့ပါဘဲ။ဒါကြောင့် သားသမီး ပြည်သူတွေရဲ့ မျက်နှာကိုထောက်ထားပြီး ပေါင်းစည်းကြပါလို့ တိုက်တွန်းရင်း အကြံပြုလိုက်ပါတယ်ခင်ဗျား။
ဒေါ်အောင်ဆန်းစုကြည် အသက်ရှည်ကျန်းမာပြီး စည်းလုံးတဲ့နိုင်ငံတော်ကြီး၊အေးချမ်းသာယာတဲ့ နိုင်ငံတော်ကြီးကို ယနေ့ အစိုးရသစ်နဲ့ လက်တွဲ အကောင်အထည်ဖေါ်နိုင်ပါစေလို့ ဆုမွန်တောင်းလျက်။
ပင်စင်စားတစ်ဦး
မင်္ဂလာ အတာနှစ်ကူးပါ သမ္မတကြီး ဦးသိန်းစိန် ခင်ဗျား
စစ်တက္ကသိုလ်ကျောင်းဆင်းများထဲက ပထမဦးဆုံး နိုင်ငံတော်သမ္မတ အဖြစ်ရွေးချယ်တင်မြှောက်ခံရတဲ့ ဦးသိန်းစိန်အတွက် အလွန်ဝမ်းသာ ဂုဏ်ယူမိပါကြောင်း၊အလားတူ ဒူတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် တို့အတွက် လည်း ၀မ်းသာဂုဏ်ယူမိပါကြောင်း နုတ်ခွန်းဆက်လိုက်ပါတယ်။
နောင်တခေတ်၏ အောင်စစ်သည် အစစ်အမှန်များဖြစ်တဲ့ သမ္မတကြီးတို့ဟာ ဗိုလ်ချုပ်အောင်ဆန်းတို့ စတင် ဦးဆောင်တည်ထောင်လာခဲ့တဲ့ စတုတ္ထမြန်မာနိုင်ငံတော်ကြီး ဆက်လက်အဓွန့်ရှည်တည်တန့်နိုင်ရေးအတွက် အဓိကကျတဲ့ နေရာမှာတာဝန်ယူထားကြတဲ့ နိုင်ငံခေါင်းဆောင်ကြီးများ ဖြစ်ကြပါတယ်။သမ္မတကြီးရဲ့ မိန့်ခွန်းထဲမှာ သဘောထားကြီးကြီးးနဲ့ အတွေးအခေါ်ဝါဒ မတူတဲ့ အဖွဲ့အစည်းများပင် ဖြစ်ပါစေ နိုင်ငံတည်ထောင်ရေး အတွက် လက်တွဲပါဝင်ကြဖို့ တံခါးဖွင့်ကြိုဆိုလျှက်ရှိပါကြောင်း ပြောကြားခဲ့တဲ့အတွက် အထူးပဲနှစ်ထောင်းအားရဖြစ်မိပါတယ်။တစ်တိုင်းပြည်လုံးကလည်း မျှော်လင့်နေကြတဲ့ ထူးခြားတိုးတက်တဲ့ ပြောင်းလဲမှုတွေ အမှန်တကယ် အကောင်အထည်ဖေါ်ပေးနိုင်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။
အဲဒီထဲက အမြန်ဆုံးနဲ့ ပထမဆုံး တွေ့မြင်ချင်တာကတော့ အမျိုးသား/တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ရေး ဖြစ်ပါတယ်၊ယနေ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဟာ ရှိသင့်သလောက်ရှိသော်လည်း လိုအပ်သည့် အတိုင်းအတာထိ မရောက်ရှိသေးဟု ထင်မြင်မိပါတယ်။ တိုင်းရင်းသား အားလုံး ပြည်နယ်ပြည်မ မရွေး တံခါးမရှိ ဓါးမရှိ လွတ်လပ်အေးချမ်းစွာ သွားလာကူးသန်းနိုင်ကြတဲ့ အဆင့်ထိဖြစ်စေချင်ပါတယ်။ နိုင်ငံတော်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းအဆင့်ဆင့်မှာ ဒီတောင်ကြီးက အကြီးမားဆုံး ဖြစ်မယ်လို့ထင်ပါတယ်။သို့သော်လည်း တစ်ယောက်အားနှင့် ယူသော် မရ၊ တစ်သောင်း အားနှင့်ယူသော် ရ၏ ဟုဆိုရိုးရှိသလို သမ္မတကြိးရဲ့ ဦးဆောင်ကြိုးပမ်းမှုနဲ့ အောင်မြင်မည်ဟု ယုံကြည်ပါတယ်။
ယင်းသို့ဆောင်ရွက် အကောင်အထည်ဖေါ်ရာတွင် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများအပြင် NLD ဒေါ်အောင်ဆန်းစုကြည် နှင့် တောတွင်း အဖွဲ့အစည်းများ ကိုလည်း ပူးပေါင်းလက်တွဲလာကြရန် အထူးစည်းရုံးခေါ်ယူသင့်သည်ဟု ထင်ပါသည်။သူတို့လိုချင်တဲ့ ပန်းတိုင်နဲ့ သမ္မတကြီးတို့ လိုလားတဲ့ ပန်းတိုင် အတူတူဖြစ်၍ ရှေးယခင်က ကတောက်ကဆဖြစ်ခဲ့မှုများကို ခ၀ါချပြီး၊တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြမယ် ဆိုရင် အတိုင်းထက်အလွန် ကောင်းမွန်မည်ဟု မျှော်လင့်မိပါသည်။တိုင်းပြည်တည်ဆောက်ရေးမှာ နှစ်ပေါင်းများစွာ ခေါင်းဆောင်ခဲ့ကြတဲ့ သမ္မတကြီးတို့ကို ဆရာလုပ်သည်ဟု မယူဆစေလိုပါ။ကျည်းကန် ရှင်ကြီး မေတ္တာစာမှာ `ကံပင်ရှိသော်လည်း၊၀ိရိယ ချွတ်တတ်သည်၊ညဏ်ပင်ရှိသော်လည်း သတိက လွတ်တတ်သည်´ဟု ဆိုရိုးလို အကြံပြုခြင်းသာဖြစ်ပါသည်။Because she’s the best asset you’ve ever had, and I think you know what I mean, with her co –operation you can achieve / accomplish your tasks much easier and faster. ကျွန်တော်တို့ သက်တမ်းမှာ အဲဒီစည်းလုံးမှုတွေ တွေ့သွားပါရစေလို့ ဆုတောင်းပါတယ်ခင်ဗျား။
သမ္မတကြီးတို့နဲ့အတူ နှစ်သစ် ခေတ်သစ် အစိုးရသစ်ကို ကြိုဆိုလျက် -

No comments:
Post a Comment